Friday, March 25, 2011

သိနေတဲ့ စိတ်ကို ပြန်သိပါ

We enjoy our own consciousness.
ကိုယ့်စိတ်ကို ကိုယ်ခံစားတယ်။
တကယ်တော့ ကိုယ် တကယ် ထိထိမိမိခံစားလို့ရတာဟာ ကိုယ့်စိတ်ပါပဲ။ လူတွေဟာ စိတ်ကို ခံစားတယ် .. နော်။ ဒါကို လေးလေးနက်နက်
သဘောပေါက်စေချင်တယ်။ ကိုယ်တကယ် အထိမိဆုံး ခံစားရတာ ကိုယ့်စိတ်ဘဲ။ ကျန်တာတွေက တစ်ဆင့်ခံပြီး သိရတာတွေပါ။ တစ်ခုခုကို ကြည့်လို့ သိတယ်ဆိုတာ တစ်ဆင့်ခံပြီး သိရတာတွေပါ။ တစ်ခုခုကို ကြည့်လို့ သိတယ်ဆိုတာ တစ်ဆင့်ခံစားရလို့ သိတာ။ စိတ်က ခံပေးလို့ ရောက်တာ။ စိတ်က မယူရင်၊ မခံစားရင် စိတ်ထဲ မရောက်နိုင်ဘူး။ စိတ်ကို စိတ်နဲ့ ပြန်ကြည့်တာဟာ တိုက်ရိုက်ပဲ သိနေတယ်။
အဲ့ဒီတော့ စိတ်ကို ပြန်ခံစားရတယ် ဆိုတာကို ဥပမာ ပြောနိုင်မလား။ တစ်ချို့လူတွေ ရယ်စရာ ရုပ်ရှင်ကားတွေ သွားကြည့်တယ်။ ဘာဖြစ်လို့တုန်း။
အဲ့ဒီစိတ်ကို ပြန်ခံစားတာပဲနော်။ တစ်ချို့လူတွေက တစေ္ဆ၊ သူရဲကားတွေ ကြည့်တယ် ဘာဖြစ်လို့တုန်း။ ကြောက်တဲ့ စိတ်ကို ခံစားတာနော်။
တစ်ချို့ လူတွေက အလွမ်းကားတွေ ကြည့်တယ်။ ကောင်းလွန်းလို့ ငိုလိုက်ရတာ။ နောက်တစ်ခါ သွားကြည့်ဦးမှပဲ။ ဘာဖြစ်လို့လဲ။ လွမ်းရတဲ့ စိတ်၊ လွမ်းရတဲ့ "emotion" ကို ခံစားတာ .. နော်။ လူဟာ ကိုယ့်စိတ်ကို ကိုယ်ပြန်ခံစားတယ်။
အဲဒီလိုပဲ စိတ်ထဲမှာ ကောင်းတဲ့ စိတ်ကလေး ဖြစ်လာတဲ့အခါ အဲဒီ စိတ်ကလေးကို သေချာကြည့်ပြီး ခံစားကြည့်ပါ။ မေတ္တာစိတ် ကရုဏာစိတ် ပီတိ စိတ်ဆိုတာ ခံစားလို့ရတာပါပဲ။ တစ်နေ့တာအတွင်းမှာ အကြိမ်ပေါင်းများစွာ ဖြစ်တယ်။
ဒေါသဖြစ်ရင်လဲ ဖြစ်မှာပဲ၊ ဒေါသရဲ့ ပူလောင်မှုကို ခံစားပြီး သိပါ။ လောဘ ဖြစ်ရင်လည်း ဖြစ်မှာပဲ။ လောဘရဲ့ မပြည့်စုံတဲ့ သဘောလေးကို ခံစားပါ။ မာနဖြစ်တဲ့အခါမှာလည်း နိုင်းယှဉ်ပြီးတွေးနေတဲ့ စိတ်ကို သေသေချာချာသိပြီး မာနကြောင့်ဖြစ်ရတဲ့ စိတ်ပင်ပန်းမှု ခံစားကြည့်ပါ။
တစ်ချို့ မာန ဖြစ်ရတာကို ကြိုက်တဲ့သူရှိတယ်။ မာနနဲ့လုပ်မှ စိတ်မှာ အားတစ်မျိုးရှိတယ်လို့ ပြောကြတယ်။ မှန်ပါတယ်။ လောဘဆိုတာလည်း အားတစ်မျိုး၊ ဒေါသဆိုတာလည်း အားတစ်မျိုး၊ မာနဆိုတာလည်း အားတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ပင်ပန်းတာတော့ အမှန်ပါပဲ။
က္ကဿာ မစ ္ဆရိယတို့လည်း ဖြစ်မှာပဲ။ ဖြစ်တဲ့အခါမှာ သေသေချာချာ ကြည့်လိုက်ပါ။ သေသေချာချာသိပါ။ ခံစားပါ။ သူတို့ကြောင့် ပင်ပန်းတဲ့
စိတ်ခံစားမှု ဖြစ်တယ်။
ကောင်းတဲ့စိတ်ကို ခံစားချင်ရင် မေတ္တာပွားနေပေါ့နော်။ အဲဒီလိုပဲ မေတ္တာ၊ ကရုဏာစိတ်တွေ၊ ကိုယ်ချင်းစာစိတ်တွေ၊ သေချာ ခံစားပါ။ သိနေတဲ့ စိတ်ကို ပြန်သိပါ။ အဲဒါလည်း သိတဲ့သဘောကို ပြန်ခံစားနေတာ။ အဲဒါလည်း အရသာ တစ်မျိုးရှိပါတယ်။ သိရတဲ့ အရသာ။
သတိကို ခံစားပါ။ ဒါ သိပ်အရေးကြီးတယ်နော်။ တရားအားထုတ်တဲ့ သူတွေမှာ သတိကို ပြန်ပြီးတော့ ခံစားပြီး သိနေဖို့ အလွန်ပဲ အရေးကြီးတယ်။ တရားအားထုတ်တာ အလေ့အကျင့်များလာရင် စိတ်ထဲမှာ သတိဖြစ်လာတဲ့အခါမှ ကြည့်ပြီးတော့ သိနေတယ်။ အဲဒါ သတိပဲ။ ဒါ သတိရဲ့ သဘာဝပဲ။ သိနေတယ်။ ထိထိမိမိ သိနေတယ်။
သမာဓိဖြစ်နေတဲ့အခါ သမာဓိကို ကြည့်ပြီးတော့ ခံစားလို့ရတယ်။ ဒါ သမာဓိပဲ။ ငြိမ်သက်နေတဲ့ သဘောလေးရှိတယ်။
ပီတိဖြစ်တဲ့အခါလည်း ပီတိကို ခံစားလို့ရတယ်။ ပီတိကို ခံစားလို့ရတယ်။ ပီတိ ဖြစ်နေတယ်။ နှစ်သက်နေတယ်။ တရားအပေါ်မှာ နှစ်သက်နေတယ်။ သဘောတွေ ကျနေတယ်။ တရားအားထုတ်ရတာ မပျင်းဘူး။
အဲဒီလိုပဲ သဒ္ဓါတရား ဖြစ်တဲ့အခါလည်း ခံစားလို့ရတယ်။ အော် .. ဒါ သဒ္ဓါတရားပဲ။ ကြည်လင်တယ်။ ကြည်ညိုတယ်။ စိတ်ကို အားဖြည့်ပေးတယ်။ တရားအားထုတ်ဖို့အတွက် အားဖြည့်ပေးတဲ့ သဘောရှိတယ်။ ဝီရိယ ဖြစ်နေရင်လည်း ခံစားလို့ရတယ်။ ပဿဒ္ဓိဆိုတာ အေးချမ်းမှုသဘောဖြစ်နေလည်း ခံစားလို့ ရတယ်နော်။
ဥပေက္ခာမှာ အဓိပ္ပာယ်တွေ အများကြီးရှိတယ်။ ၀ီရိယ အပိုအလို မရှိတာလည်း ဥပေက္ခာပဲ။ စိတ်က ညီမျှပြီးတော့ နေတယ်။ balance ဆိုတာ ရှိနေတယ်။ နေရတာ သက်သာလိုက်တာ။ တရားအားထုတ်ရတာလည်း သူ့အလိုလို ဖြစ်သွားရတာ။ လုပ်နေတာ မဟုတ်တော့ဘူး။
သူ့သဘောအတိုင်း သူ့ဟာသူ တရားအားထုတ်နေတာ။
အဲဒီတော့ စိတ်မှာ ဖြစ်တဲ့ ကောင်းတဲ့ စိတ်တွေရော၊ ဆိုးတဲ့စိတ်တွေရော၊ သန့်ရှင်းတဲ့စိတ် မသန့်ရှင်းတဲ့စိတ်ကိုရော၊ လှတဲ့စိတ်၊ မလှတဲ့စိတ်ရော အားလုံးကို ထိထိမိမိသိဖို့ လိုတယ် ... နော်။
အဲဒီလို သိတာ များလာလို့ရှိရင် အလိုလိုပဲ မကောင်းတဲ့ စိတ်ထဲမှာ မနေချင်တော့ဘူး။ မကောင်းတဲ့စိတ် ဖြစ်လာရင်ပဲ ထိခိုက်တယ်ဆိုတာကို သိတယ်။ စိတ်ထဲမှာ ပင်ပန်းတဲ့ သဘောတွေရှိလာတယ်။ စိတ် ကြမ်းတမ်းလာတယ်။ စိတ် မကျန်းမာဘူး။ စိတ် အနားမရဘူး။ စိတ်အားတွေ ကုန်လာတယ်။ အဲဒါကို ကိုယ်တိုင် သိလိုက်တဲ့အခါ ဒီလိုစိတ်မျိုးကို လက်မခံနိုင်ဘူး။
အဲဒီလို သတိနဲ့နေတဲ့စိတ်၊ သမာဓိနဲ့နေတဲ့ စိတ်မျိုးကို လက်မခံနိုင်ဘူး။ အဲဒီလို သတိနဲ့နေတဲ့စိတ်၊ သမာဓိနဲ့နေတဲ့ စိတ်မျိုး ဖြစ်လာရင် စိတ်က အနားရနေတယ်။ နေရတာ သက်တောင့်သက်သာရှိတယ်။ မေတ္တာ ကရုဏာစိတ် ဖြစ်ရင်လဲ စိတ်က ချမ်းသားနေတယ်။
ဉာဏ်ပညာ ဖြစ်လာပြီဆိုရင်တော့ အမှန်တရားကို ပိုင်ပိုင်နိုင်နိုင် သိတဲ့စိတ် ဖြစ်လာပြီးဆိုရင် ရုပ်သဘောကို ရုပ်သဘောလို့ သိတယ်။
နာမ်သဘောကို နာမ်သဘောလို့ သိနေတယ်။ ဒါတွေဟာ ပုဂ္ဂိုလ် သဘာဝ မဟုတ်ဘူး။ လိုသလို ဖြစ်အောင် ဖန်တီးလို့ မရဘူး။ သူ့ဟာသူ
အကြောင်းရှိလို့ ဖြစ်လာတဲ့ သဘောတွေပဲ။ အကြောင်းရှိလို့ ဖြစ်လာပြီးရင်လည်း သူ့သဘောနဲ့သူ ပျက်သွားတာဘဲ။ သူ့ကို အမှန်တော့ ချစ်ဖို့လည်း မလိုဘူး။ မုန်းဖို့လည်း မလိုဘူး။ သူ့သဘောနဲ့သူပဲ။ ဘယ်လိုမှ သဘောမထားရင် အကောင်းဆုံးပဲ။ ဥပေက္ခာက အကောင်းဆုံးပဲ။ အဲဒီလို ဉာဏ်ပညာနဲ့ သိနေတဲ့အခါမှာ အဲဒီ ဉာဏ်ပညာကို ပြန်ကြည့်လို့ရတယ်။ ဉာဏ်ပညာရဲ့ နက်နဲမှု၊ ဉာဏ်ပညာရဲ့ အင်အား၊ ဉာဏ်ပညာရဲ့ လွတ်လပ်မှု၊ ဉာဏ်ပညာရဲ့ ရဲရင့်မှု သတ္တိကို ပြန်ရှုလို့ရတယ်။ ပညာဆိုတာ ရဲရင့်တဲ့ သဘောရှိတယ်။
ဝိပဿနာဉာဏ်ကို ဝိပဿနာပြန်ရှုလို့ ရတယ်နော်။ ရှုမှလည်း ဖြစ်မယ်။ မရှုရင် မဖြစ်ဘူး။ မရှုရင် ငါသိတယ်ဆိုတဲ့စိတ် ၀င်လာတတ်တယ်။
သူ့ကို ဉာဏ်ပညာအနေနဲ့ပဲ ပြန်ရှုတဲ့နေရာမှာ အော် .. ဒါ ပညာရဲ့ သဘောပဲ။ ပိုင်းပိုင်းခြားခြား၊ တိတိကျကျ၊ ပြည့်ပြည့်စုံစုံ၊ မှန်မှန်ကန်ကန်
သိနိုင်တဲ့ သဘောပါလား။ ဒီလိုသိနိုင်တဲ့ သဘောက လူသားမှာ ရှိနေတယ်။ အဲဒီလို သိတဲ့အခါ လူသားဆိုတာ အင်မတန် မြင့်မြတ်တဲ့သဘာဝ ရှိနေပါလား ဆိုတာကို သိလာတယ်။ သိလာတော့ လူရဲ့ မြင့်မြတ်မှုကို ပိုပြီးတော့ တန်ဖိုးထားလာတယ်။
ကိုယ်ကိုယ်တိုင် ကိုယ့်စိတ်ထားလေး မြင့်လာတာကို ကြည့်ပြီးတော့ တန်ဖိုးထားလာပြီးတော့ လူတိုင်း လူတိုင်း အဲဒီလိုစိတ်ထားလေးတွေ မြင့်ကြရင် သိပ်ကောင်းမှာပဲ။ အားလုံး စိတ်ထားတွေ မြင့်မြတ်လို့ရှိရင် လူ့လောကကြီးက ပိုပြီးတော့ နေပျော်တဲ့ လောကကြီးဖြစ်မယ်။ အန ္တရယ် အင်မတန်နည်းတဲ့ လောကကြီးဖြစ်မှာပဲ။ အဲဒီလို လောကကြီးကို တန်ဖိုးထားတဲ့ စိတ် ပိုဖြစ်လာပြီး။ အဲဒီလိုဖြစ်တဲ့လူတွေ များလာအောင် အားပေးသင့်တယ်။ ကြိုးစားသင့်တယ်နော် ..
ကိုယ့်စိတ်ထဲမျာ လှတဲ့စိတ် တစ်နေ့တာအတွင်းမှာ အကြိမ်များစွာ ဖြစ်သွားတယ်။ အဲဒါကို သိအောင်လုပ်ဖို့ အင်မတန် အရေးကြီးတယ်။
ကိုယ့်စိတ်ထဲမှာ မလှတဲ့ စိတ်တွေ၊ မသန့်ရှင်းတဲ့ စိတ်တွေ ဖြစ်နေတာလည်း ရှိတယ်။ အဲဒါတွေ သိအောင်လုပ်ဖို့လည်း အရေးကြီးတယ် .. နော်။ ဒီစာလေးတွေက ညပိုင်း စာဖတ်ချိန်လေးရတဲ့အခါ စာဖတ်ရင်း ကျနော်ပြန်ဖတ်ခဲ့တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ စာအုပ်တစ်အုပ်ထဲကပါ။ Internet ထဲမှာ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနှင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျနော်အသိမိတ်ဆွေ၊ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး စာအုပ်ထဲကအတိုင်း ကျနော်စာရိုက်ပြီးပေးလိုက်တာပါ။
"အတန်းပညာ၊ အတက်ပညာ၊ အသိပညာ တို့တွင် အသိပညာသာအများဆုံးရှိချင်ပါသည်"။ source : www.sawsan23.com

No comments:

Post a Comment